“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို
သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့
သွားသည်။”
အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပါယ်မကျ။
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာစည်းစိမ် ဆင်းရဲလို့ မည်သည့် ပညာရှိ သူတော်ကောင်းကမှ အထင်မသေး။
ကိုယ်ကျင့်သီလ ဆင်းရဲမှသာ ပညာရှိသူတော်ကောင်းများ အထင်သေးသည်။
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊
အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့
လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည်
တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ
ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။
ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်
မြင့်မြတ်သွားခြင်း ဖြစ်၏။
ဆရာတော် အရှင်ဇဝန
No comments:
Post a Comment