Friday 6 April 2012

ဟာသလေးများ:

ထမင်းစားချိန်

ကုမ္ပဏီတစ်ခုက ထမင်းစားချိန်ကို အောက်ပါအတိုင်းသတ်မှတ်ထားသည်။ ပိန်ပိန်ကပ်ကပ်လူများအတွက် နေ့လယ်ထမင်းစားချိန်ကို မိနစ် ၃၀ သတ်မှတ်သည်။ အကြောင်းမှာ ကျန်းမာရေးကောင်းနေပုံပေါ်ရန် ၎င်းတို့ ပိုမိုစားသောက်ရန် လိုအပ်၍ ဖြစ်သည်။
ပုံမှန် ခန္ဓာကိုယ်အချိုးအစား ရှိသူများအတွက် ၁၅ မိနစ်သတ်မှတ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးရန် လုံလောက်သည့် အချိန်ဖြစ်သည်။
ဝဝဖိုင့်ဖိုင့် လူများအတွက် နေ့လယ်စာစားချိန်ကို ငါးမိနစ်သာ သတ်မှတ်သည်။ ၎င်းတို့မှာ သံပရာရည်တစ်ခွက် (သို့မဟုတ်) Slim Fast ဖျော်ရည် တစ်ခွက်သောက်ရန်သာ လိုအပ်သည်။

ချောကလက် စားဖူးသလား

ဆေးထိုးခံရမှာကြောက်၍ မိခင်အား ဖက်တွယ်ထားသည့် ကလေးငယ်ကို ဆရာဝန်ကြီးက ချော့မော့စဉ် -
“သားသားကို ဆေးထိုးပြီးရင် ဘဘမုန့်တွေ အများကြီးကျွေးမယ်။ ဘာမုန့်ကြိုက်သလဲ ပြော”
“ချောကလက်”
“ဟုတ်ပြီ.. သားကြိုက်တဲ့ ချောကလက်က ဘာအရောင်ရှိလဲကွ”
“အညိုရောင်”
“နောက်ပြီး အရသာ ဘယ်လိုနေလဲ”
ထိုအခါ သားက မိခင်ဖြစ်သူကို ပြောလိုက်သည့်စကားကြောင့် ဆရာဝန်ကြီးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“မေမေ ဘဘဆရာဝန်ကြီးက ချောကလက်တစ်ခါမှ မစားဖူးဘူးနဲ့ တူတယ်”

ဒါကြောင့်ပါ…

အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဆရာဝန်ထံရောက်ရှိလာပြီး အောက်ပါအတိုင်း အကူအညီ တောင်းလေသည်….
အမျိုးသား ။ ။ “ကျွန်တော့် နားနှစ်ဖက်စလုံးဘာမှ မကြားရဘူးဒေါက်တာ၊ ကုပေးပါဦး”
ဒေါက်တာ ။ ။ စမ်းသပ်ပြီးနောက်.. “ကဲ-နားနှစ်ဖက်စလုံး ပုံမှန်အတိုင်း ပြန်ကြားနိုင်အောင် ဆေးထည့်ပေးလိုက်မယ်။ ချက်ချင်းပြန်ကောင်းသွားမှာပါ” ဟုပြောကာ ဆေးထည့်ပေးသည်။
အမျိုးသား ။ ။ “ဟာ-အသံတွေ ပြန်ကြားရပြီ။ ဝမ်းသာလိုက်တာ ဒေါက်တာရယ်” ဟုပြောကာ ဝမ်းမြောက်ဝမ်းသာ အိမ်ပြန်သွားလေသည်။
တစ်လခန့်ကြာသော်…
ဆရာဝန်ထံပြန်ရောက်လာပြန်ရာ…
အမျိုးသား ။ ။ “ဒေါက်တာ…ကျွန်တော့်နားတွေ အရင်လိုမကြားနိုင်အောင် ပြန်လုပ်ပေးပါ”
ဒေါက်တာ ။ ။ “ဘာဖြစ်လို့လဲ၊ အကောင်းကို အဆိုးမလုပ်ပါနဲ့ဗျာ”
အမျိုးသား ။ ။ “နားတွေ ပြန်ကြားတဲ့နေ့ကစပြီး ကျွန်တော့်ဇနီးက နေ့တိုင်းနားပူနားဆာလုပ်တဲ့ အသံကို မခံစားနိုင်တော့လို့ပါ”
ဒေါက်တာ ။ ။ “ဗျာ…”

စတင်ခြင်း

ဆူဆန်ရဲ့ ခင်ပွန်း အလုပ်က ပြန်လာတဲ့အချိန်မှာ အလွန်ကို ပင်ပန်း နွမ်းနယ်နေပုံပါပဲ။ ရောက်တာနဲ့ တီဗီရှေ့က ဆိုဖာပေါ် ပစ်လှဲရင်း "ဟိုဟာ မစခင် ငါ့ကို ဘီယာ တစ်ခွက်လောက် ပေးစမ်းပါ"တဲ့။ ဒါနဲ့ ဆူဆန်လည်း ဘီယာတစ်ခွက် သူ့ကိုပေးလိုက်ပါတယ်။ သိပ်မကြာပါဘူး။ "ဟိုဟာ မစခင် ငါ့ကို ဘီယာတစ်ခွက်ထပ်ပေးစမ်းပါ" လို့ ဆိုတာနဲ့ ထပ်ပေးလိုက်ပေမယ့် သိပ်တော့ကြည့်မရတော့ပါဘူး။
ထပ်ပြီး "နောက်ထပ် ဘီယာထပ်ပေးစမ်းပါ။ သိပ်မကြာခင်စတော့မှာ" ဆိုတာနဲ့ ဆူဆန် ဒေါသကို ထိန်းမထားနိုင်တော့ဘဲ "နေပါဦး၊ ရှင်တစ်ညလုံး ဒါပဲပြောနေတော့မှာလား။ တီဗီရှေ့ထိုင်၊ ဘီယာသောက်၊ အလကားလူ၊ ငပျင်း၊ အသုံးမကျတဲ့သူ …………………….." ဆူဆန် တရစပ်ပြောနေချိန်မှာ ယောက်ျားဖြစ်သူက သက်ပြင်းလေးတွဲတွဲချရင်း ဆိုတာက "ကြည့် ..အခုတော့စပြီ.."တဲ့။
သနားချစ်လေလား
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါအလွန် အလွန် တုန်လှုပ်သွား၏။ ထို့ကြောင့် သူ့သားကို အခန်းထဲသို့ ခေါ်သွားပြီး တီးတိုးပြောသည်။
"ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေတစ်ခါအမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွှေးတွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားကခေါခေါ။ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့"
သည်တော့ သားက . .
“ဖေဖေ တိုးတိုး ပြောစရာ မလိုပါဘူး။ သူက နားလည်းကန်းနေသေးတယ်။ ဖေဖေရဲ့။ သနားစရာ လေးပါဗျာ”
ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ
"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"
"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"
"ဟင့်အင်း"
"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"

သို့.....ချစ်သောဇနီး တဲ့ 

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပျူတာ တစ်လုံးတွေ့တာနဲ့ သူအတော် ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲ ဆိုပြီး အီးမေးလ်တစ်စောင် ပို့လိုက်တယ်။ ဒါပေမယ့် သူ့အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင် မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်မိပြီလေ။ အဲဒီအချိန်…. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့ အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။
နိုင်ငံရပ်ခြား ရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေး စကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ "အောင်မလေး"လို့အော်တဲ့ အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပျူတာကို ကြည့်လိုက်တော့ မော်နီတာစကရင်မှာ ပေါ်နေတာက
သို့…ချစ်ဇနီး
အကြောင်းအရာ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ။ ။ ၂၁ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်းမနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံး စီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်….

ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာဘာဖြစ်လို့အကြီးကြီးဖြစ်နေတာလဲဟင်”
“လမင်းဟုတ်လား၊ မသိပါဘူးသားရယ်”
“ကြယ်တွေကျတော့သေးသေးလေးနော်….ဘာဖြစ်လို့လဲဖေဖေ”
“ကြယ်တွေဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့..”
အမေက၀င်ပြောသည်။ “ဟဲ့သား၊ဖေဖေပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”
လက်မထပ်မီ
သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
သူမ.... နင် နောင်တရမလား
သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့။
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။
သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။
သူ...... အင်း.. တစ်ခါထက်ကို မကဘူး။
သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
သူ...... လုံးဝ မဖြစ်နိုင်တာ
သူမ.... ငါ နင့်ကို ယုံရမလား...

လက်ထပ်ပြီးနောက်

စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပေးပါ…


☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
☺ဘဝအမောတွေ ပြေ ပျောက် ကြပါစေနော်....☺
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio